အင်းလေးဒေသမှ ရှေးဟောင်း ငါးဖယ်ချောင်း ကျောင်းတော်ကြီး
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQxYFXlq1DcM88HRVpAw2Xpx15v5zqNHuwOdhcLjXJ8jNgXob2jnZxO2yI3A0nD_u-k_W1SgEHqLNn-YTvCZ3LstGpNBtqnnNfglSPQQWqPtFusYmOuInSDK6YOcfqa1KeBlIoogp7B24/s1600/971024_404162973022892_1464565463_n.png)
******************************************
ရှေးဟောင်း ငါးဖယ်ချောင်း ကျောင်းတော်ကြီး သည် ညောင်ရွှေ မြို့နယ် ၊
ငါးဖယ်ချောင်း ကျေးရွာ အုပ်စု ငါးဖယ်ချောင်း ကျေးရွာ ရွာဦးထိပ်တွင်
တည်ရှိသည်။ ယင်း ကျောင်းတော်ကြီး အား ကောဇာ သက္ကရာဇ် ၁၂၀၅ ခုနှစ်တွင်
ညောင်ရွှေမြို့ စော်ဘွားကြီး ဆာစောမောင် နှင့် နယ်သူ နယ်သားများက ဆောက်လုပ်
လှူဒါန်း ခဲ့သည်ဟု သိရသည်။
ကျောင်းတော်ကြီး ၏ အရှည်ပေ ၁၈၀ ၊
အကျယ်ပေ ၁၂၀ ရှိပြီး ဘုံသုံးဆင့် ရှိသော ကျောင်းဆောင် ၈ ဆောင် ၊ ဘုံတစ်ဆင့်
ရှိသော ကျောင်းဆောင် ၂ ဆောင် ၊ လေသာဆောင် ( လသာဆောင် ) တစ်ဆောင် တို့ဖြင့်
တည်ဆောက် ထားသည်။ ထိုသို့ တည်ဆောက် ရာတွင် ကျောင်းတိုင် ပေါင်း ၆၅၄
တိုင်ဖြင့် တည်ဆောက် ထားကာ ထိုကျောင်းတိုင်များ အနက်မှ ကျောင်းတိုင်လုံး
၂၀၀ ကို ရွှေချ ထားပြီး လှေကား ငါးဖက်ပါ ထည့်သွင်း တည်ဆောက် ထားသည်။ အဆိုပါ
နှစ်ပေါင်း ၁၆၈ နှစ်ခန့်ရှိ ရှေးဟောင်း ကျောင်းတော်ကြီး အတွင်းရှိ
ပန်းပညာရှင် များ၏ ရှေးမူမပျက် လက်ရာများ ဖြစ်သည့် သစ်ထွင်း ဘုရား
စံကျောင်းတော် ဆောင် ၂၇ ဆောင် ၊ ယွန်း ဘုရားကြီး ၆ ဆူ ၊ သုမေဓာ
ရသေ့ ဗျာဒိတ်ယူခန်း ရုပ်တု ၃ ဆူ တို့သည် ရှေးဟောင်း မူလ လက်ရာမပျက်
ဖူးမြော် ကြည်ညို ဖွယ်ရာများ ဖြစ်သည်။ ထို ကျောင်းတော်ကြီး ၏ ဘုရား
ကျောင်းဆောင် တွင် အဆက်မပါ ၊ အရှည် ၉၉ ပေ ရှိ ပန်းပြားလည်း ပါဝင်ကြောင်း
ကျောင်းထိုင် ပဓာန နာယက ဆရာတော် မှ အမိန့် ရှိသဖြင့် သိခဲ့ရသည်။
အဆိုပါ ရှေးဟောင်း ကျောင်းတော်ကြီး တွင် ပေစာ ၊ ပရပိုက်စာ များနှင့် အခြား
ရှေးဟောင်း ပစ္စည်းများ၏ ရှေးကျပုံ ၊ ရှားပါးပုံ များကို ပြည်ပ ခရီးသွား
များအား ဆရာတော် ၊ သံဃာတော် များက ရှင်းပြ နေသည်ကိုလည်း တွေ့ခဲ့ရသည်။
ထို့အပြင် ဒေသခံ များမှလည်း ဒေသထွက် အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ
ဖွင့်လှစ် ရောင်းချ လျက်ရှိပြီး ပြည်တွင်း ပြည်ပ ခရီးသွားများ နှစ်ထောင်း
အားရစွာ ၀ယ်ယူ နေကြသည်ကို တွေ့ခဲ့ရသည်။ ယင်းတို့ကို ကြည့်ခြင်း အားဖြင့်
ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ ယင်းခရီးသွား
လုပ်ငန်းနှင့် နှီးနွှယ် ဆက်စပ် နေသော နေရာ များလည်း ၀င်ငွေများ ရရှိ နေမည်
ဖြစ်သည်။
နိုင်ငံကျော် ကမ္ဘာက သိတဲ့ အင်းလေး ဒေသရှိ အင်းလေး
ဖောင်တော်ဦး စေတီတော် မြတ်ကြီးအား လာရောက် ဖူးမြော်ရင်း ထိုဒေသမှ
နှစ်ပေါင်း ၁၆၈ နှစ်ကျော် သက်တမ်းရှိ ရှေးဟောင်း ငါးဖယ်ချောင်း ကျောင်းတော်
ကြီးအား ပြည်ပ ခရီးသွားများ အံ့မခန်း လေ့လာ နေကြပြီ ဖြစ်သကဲ့သို့
ပြည်တွင်း ခရီးသွား များလည်း မြန်မာတို့၏ ရှေးဟောင်း အမွေအနှစ် လက်ရာ အဖြစ်
ဂုဏ်ယူ ၀ံ့ကြွား တန်ဖိုးထား လေ့လာနိုင်ရန် ရေးသား တင်ပြ လိုက်ရပါသည်။
ကြည်လင်း
အင်းလေးမီဒီယာ
No comments:
Post a Comment